ဆေးယဉ်ပါးခြင်း (သို့) ဆေးမတိုးခြင်း

ဆေးယဉ်ပါးခြင်း (သို့) ဆေးမတိုးခြင်း

ကိုဗစ်ကာလရယ် နိုင်ငံရေးအခြေအနေတွေရယ်ကြောင့် လူတိုင်းဟာ ဆရာဝန်နဲ့မထိတွေ့ရတာမျိုးတွေဖြစ်လာပါတယ်။ အထူးသဖြင့် ကိုဗစ်လူနာတွေ ဒီလိုအခက်အခဲကြုံလာတဲ့အခါ ဆေးဆိုင်ကဆေးတွေဝယ်သောက်တာ၊ ရမ်းကုနဲ့ပြသမိတာ၊ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေသောက်တာတွေဖြစ်လာပါတယ်။ ကိုဗစ်လူနာတိုင်း၊ ဖျားတိုင်းပိုးသတ်ဆေးမလိုအပ်ပါဘူး။ မလိုအပ်ပဲ ပိုးသတ်ဆေးတွေလျှောက်သောက်တာကြောင့်လူနာတွေဟာ ကျွန်တ်ောတို့ ဆရာဝန်ဆီရောက်လာတဲ့အခါ ပိုးသတ်ဆေးအများကြီးသောက်ပြီးသာတွေဖြစ်နေတာ၊ ဆေးယဥ်ပါးနေတာတွေအများကြီးကြုံလာရပါပြီ။ နော်ကဆို ဒီထက်ပိုဆိုးမယ့် ပြဿနာကြီးတစ်ရပ်ဖြစ်လာတော့မှာမို့ ဒီအချိန်မှာ ဆရာဝန်လည်းကိုယ် သူနာပြုလည်းကိုယ် လူနာလည်းကိုယ်ဖြစ်နေတဲ့သူတွေအတွက်ရည်ရွယ်ပြီးဒီခေါင်းစဥ်လေးနဲ့ရေးပေးလိုက်ရပါတယ်။

ဆေးယဥ်ပါးခြင်း

ဆေးယဥ်ပါးခြင်းဆိုတာ ပိုးမွှားတွေ မှိုတွေဟာ သူတို့ကိုသတ်ဖို့အတွက်ထုတ်ထားတဲ့ ပိုးသတ်ဆေး မှိုသတ်ဆေးတွေဟာ သူတို့ (ပိုးမွှားတွေ မှိုတွေ) ကိုမသတ်နိုင်ပဲနဲ့ ပိုးသတ်ဆေးတွေမှိုသတ်ဆေးတွေပေးထားတာတောင်ဆက်လက်ရှင်သန်ပေါက်ဖွားနေတာကိုဆိုလိုပါတယ်။

ဆေးယဥ်ပါးနေတဲ့အကောင်ပလောင်ကူးစက်ခံထားရသူတွေဟာ ကုသရခက်ခဲခြင်း ပိုပြီးဆိုးကျိုးများတဲ့ ဆေးတွေသုံးစွဲရခြင်း၊ ဆေးရုံတက်ရတဲ့ရက်ကြာခြင်း၊ ဆရာဝန်နဲ့ခဏခဏပြန်ပြရခြင်း အစရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားရတတ်ပါတယ်။

ဆေးယဥ်ပါးခြင်းဆိုတာ ကိုယ့်ရဲ့ခန္ဓာကိုယ်က ဆေးကိုယဥ်ပါးနေတာမဟုတ်ပဲ ဝင်တဲ့အကောင်က ဆေးကိုယဥ်ပါ‌းနေတာကိုဆိုလိုပါတယ်။

ဘာကြောင့်ဆေးယဥ်ပါးသလဲ

အဓိကခြောက်ချက်ကတော့

၁။ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်း

(ဥပမာ မြန်မာနိုင်ငံအနေနဲ့ကြည့်ရင် နည်းနည်းနေမကောင်းတာနဲ့ စပ်ဆေးမှာလည်း ပိုးသတ်ဆေးထည့်ပြီး တစ်ခွက်ဆိုသောက်ကြတာပါပဲ။ ပြီးတော့နောက်ဆုံး ဖျားတာနဲ့ အမောင်ဆလင် (amoxicillin)လို့ လူသိများတဲ့ ပိုးသတ်ဆေးကို အနည်းဆုံးဝယ်သောက်လိုက်ကြတာပါပဲ။ နောက်ဆုံးဆရာဝန် တွေတောင်ဖျားတာနဲ့ အကြောင်းအရင်းမသိပဲ ပိုးသတ်ဆေးတွေအုပ်ထည့်ပေးလိုက်တာမျိုးလည်းဒီထဲမှာပါပါတယ်။

၂။ ဆေးကို ရက်ပြည့်အောင်မသောက်ခြင်း

ပိုးသတ်ဆေးကို ရက်ပြည့်အောင်မသောက်ချင်းကလည်း ဆေးယဥ်ပါးခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

(ဥပမာ – ခဏက အမောင်ဆလင် (amoxicillin) ပဲစဥ်းစားရအောင် ဒါကိုဆေးဆိုင်ကတစ်ကဒ်ဝယ်လာတယ် ပြီးတော့ တစ်လုံးပဲသောက်တယ် နေကောင်းသွားတယ်သိမ်းထားတယ် နောက်လူက နောက်နှစ်လုံးသောက်တယ်။ ပြီးရင်သိမ်းထားတယ် ဒါကလည်း ဆေးယဥ်ပါးခြင်းရဲ့အကြောင်းအရာတစ်ခုပါ။

၃။ မွေးမြူရေးလုပ်ငန်းများတွင် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်း

ဥပမာ – ဝက်ကြက်မွေးမြူရေးများမှာ တိရစ္ဆာန်ဆရာဝန်အကူအညီမပါပဲ ပိုးသတ်ဆေးများကို (လူမှာသုံးလေ့ရှိသော ပိုးသတ်ဆေးများ) အလွန်အကျွံသုံးစွဲခြင်း

၄။ ဆေးရုံဆေးခန်းများတွင် ပိုးသန့်စင်ခြင်း ထိန်းချုပ်ခြင်းသေချာမလုပ်ဆောင်ခြင်း

၅။ သန့်ရှင်းရေးအားနည်းခြင်း (တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပါတ်ဝန်းကျင်သန့်ရှင်းရေး)

၆။ ပိုးသတ်ဆေး အသစ်အဆန်းများ တွေ့ရှိမှုနှောင့်နှေးခြင်း။

ဆေးယဥ်ပါးခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများ

ကုသမှုမအောင်မြင်ပဲ နာတာရှည်ပြဿနာဖြစ်သွားနိုင်ခြင်း

သေနှုန်းများလာနိုင်ခြင်း

ပိုပြီးပြင်းထန်တဲ့ပိုးသတ်ဆေးတွေကြောင့်နောက်ဆက်တွဲဆိုးကျိုးပိုခံစားရနိုင်ခြင်း

ကုသမှုပြီးသွားတဲ့အခါမှ‌ာတောင်ခဏခဏပြန်ဖြစ်ခြင်း

‌ဆေးယဥ်ပါးပိုးမွှားများ ပိုမိုပျံ့နှံ့ကူးစက်ခြင်း

ပိုးသတ်ဆေး ပမာဏပိုမိုသုံးစွဲရခြင်း

အသုံးဝင်မယ့် ပိုးသတ်ဆေးတွေနည်းလာခြင်း (ဥပမာ မြန်မာမှာဆို နည်းနည်းနေမကောင်းတာနဲ့ amoxicillin သောက်လိုက်တယ်ဆိုတာမျိုးကြောင့် amoxicillin လိုဆေးမျိုးဟာဆေးလုံးမတိုးတော့သလိုဖြစ်လာပါတော့တယ်)

ဆေးရုံမှာ ရက်ကြာကြာပိုနေရခြင်း

ကုန်ကျစရိတ်ပိုမိုကျသင့်ခြင်း

လူတိုင်းပိုးသတ်ဆေးသောက်ဖို့လိုသလား

ပိုးသတ်ဆေး တွေဟာ Virus (ဗိုင်းရပ်စ်) အပေါ် အလုပ်မလုပ်ပါဘူး. မသတ်နိုင်ပါဘူး အအေးမိခြင်း၊ လေပြွန်ရောင်ခြင်း၊ ရာသီတုတ်ကွေးစတာတွေမှာ ပိုးသတ်ဆေးသောက်စရာမလိုပါဘူး။

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါမျိုးမှာပဲ ပိုးသတ်ဆေးကအသုံးဝင်ပါတယ်။ ဒါတောင် တစ်ချို့သော ဘက်တီးရီးယားဝင်ရောက်ခြင်းမျိုးမှာတောင် ပိုးသတ်ဆေးကမလိုအပ်တာမျိုးရှိနိုင်ပါတယ်။

ပိုးသတ်ဆေးသောက်တယ်ဆိုရင် တကယ်လိုတဲ့သူတွေမှာတော့ အသက်ကယ်နိုင်တယ်ဆိုပေးမယ့် မလိုတဲ့သူတွေသောက်နေရင်‌တော့ ဆေးယဥ်းပါးတာအပြင် မလိုလားအပ်တဲ့ ဆိုးကျိုးမျိုးကိုပါခံစားရနိုင်ပါတယ်။

ပိုးသတ်ဆေးတော်တ်ောများရဲ့ အဖြစ်များတဲ့ဆိုးကျိုးတွေက

အနီကွက်ထခြင်း

အန်ခြင်း

ဝမ်းလျှောခြင်း

ပျို့ခြင်း

မှိုရောဂါစွဲကပ်ခြင်းတို့ဖြစ်နိုင်ပါတယ်။

ဒါ့အပြင်တစ်ချို့ပိုးသတ်ဆေးတွေမလိုပဲသောက်သံုးပါက Clostridioides difficile i လို့ခေါ်တဲ့ ပိုးဝင်ခြင်းဖြစ်ကာ အူမကြီးပျက်စီးခြင်း သေဆုံးခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အဆိုးဝါးဆုံးက Anaphylatic reaction လို့ခေါ်တဲ့ ပြင်းထန်ဓါတ်မတည့်မှုဖြစ်တာ အသက်သေဆုံးနိုင်သည်အထိဖြစ်နိုင်ပါတယ်။

ဆေးယဥ်ပါးခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

ပထမဆုံးမိမိကိုယ်မိမိ ပိုးဝင်တာမခံရအောင်နေထိုင်ရပါမယ်။ ပိုးဝင်ခြင်းမခံရရင် ပိုးသတ်ဆေးသောက်စရာမလိုတော့ပါဘူး။ လက်ဆေးခြင်း၊ အစားအသောက်များသန့်ရှင်းစွားပြလုပ်စားသောက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း။ ပိုးသတ်ဆေးများကိုလိုအပ်မှနဲ့ ဆရာဝန်ညွန်မှသာသောက်သုံးခြင်းစသည်….။ ပြီးတော့ ပိုးသတ်‌ဆေးများကို မလိုအပ်ပဲ မသုံးစွဲခြင်း စသည်….မွေးမြူရေးတိရစ္ဆာန်များကိုပိုးသတ်ဆေးပေးမည်ဆိုပါကလည်း နီးစပ်ရာ တိရစ္ဆာန်ဆရာဝန် နှင့် တိုင်ပင်ပြီး ပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် မိမိသဘောနဲ့ ဆေးဆိုင်မှ ပိုးသတ်ဆေးဝယ်သောက်ခြင်း၊ စပ်ဆေးသောက်ခြင်း၊ ဆေးဆိုင်မှ ဆရာဝန်မဟုတ်သော အရောင်းဝန်ထမ်းများညွန်တိုင်းယုံကြည်ပြီးမသောက်ခြင်း၊ ရမ်းကုနဲ့မပြသခြင်း စသည်တို့ကိုလည်း သေချာလိုက်နာဖို့လိုအပ်ပါတယ်။

ပိုးသတ်ဆေး အချိန်မှန်သောက်မိပဲ အချိန်ကျော်သွားမိရင် ဘယ်လိုလုပ်ရမလဲ

ပုံမှန်အားဖြင့် ပိုးသတ်ဆေး များဟာ တစ်နေ့ကိုတစ်နေ့ကို တစ်ကြိမ် ကနေ လေးကြိမ် အထိသောက်ရတာမျိုးရှိတတ်ပါတယ်။ ဆေးကိုအချိန်မှန်မှန်သောက်ရမှာဖြစ်သလို တိတိကျကျသောက်ရမှာဖြစ်ပါတယ်။ ဒါမှသာ မိမိကိုယ်ထဲမှာ ဆေးပမာဏတိတိကျကျရှိနေမှာဖြစ်ပါတယ်။

အချိန်ကျော်သွားရင် ဒါမှမဟုတ် ဆေးတစ်ကြိမ်မသောက်မိရင်နောက်တစ်ခေါက်မှာ နှစ်လုံးသောက်ဖို့မလိုအပ်ပါဘူး။ သတိရတာနဲံ ရရခြင်းသောက်ပါ။ တကယ်လို့နောက်တစ်ခါသောက်ရမယ့် အချိန်နဲ့ နီးရင်တော့ အခုမေ့သွားတဲ့ဆေးကို ကျော်လိုက်ပါတော့……

ခဏခဏမေ့ခဲ့ရင်ကော….. ခဏခဏမေ့ခဲ့ရင်တော့ ဆေးညွန်ပေးထားတဲ့ဆရာဝန်နဲ့ ပြန်တိုင်ပင်ရမှာဖြစ်ပါတယ်။

ပိုးသတ်ဆေးစသောက်ပြီဆိုတာနဲံ ရက်ပြည့်အောင်သောက်ရပါမယ်။ နေ‌ကောင်းသွားပြီဆိုတာနဲ့ဆေးကိုရပ်လိုက်ပြီဆိုတာမျိုး ဆေးယဉ်ပါးခြင်းဖြစ်စေနိုင်သလို နော်ကတစ်ကြိမ်ပြန်ဖြစ်နိုင်စေပါတယ်။ ဆေးညွန်ပေးတဲ့ဆရာဝန်ကလည်း သေချာရှင်းပြဖို့လိုအပ်ပါတယ်။

ဒီလောက်ဆိုရင် ပိုးသတ်ဆေး မလိုပဲသောက်ခြင်း မကြာခဏသောက်ခြင်းကြောင့်ဖြစ်လာနိုင်တဲံ ဆေးယဉ်ပါးခြင်းအကြောင်းကို သိရှိသင့်သလောက်သိရှိပြီလို့ ယူဆပါတယ်။

ကျန်းမာရေးဆိုင်ရာဆောင်းပါးများဖတ်ရှုလိုပါက ကျွန်တ်ောတို့ website မှာလာရောက်ဖတ်ရှုနိုင်သလို facebook page မှာလည်းစောင့်ကြည့်ဖတ်ရှိုနိုင်ပါတယ်။

Dr. Kaung Ye Lin

OSK – Online Clinic

KaungYeLin

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!